မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

အောက်တိုဘာ ၁၆၊ မင်းဘူး  ။        ။ ယနေ့အောက်တိုဘာလ ၁၆ ရက် မနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ဆက်သွယ်ရေးတာဝါတိုင်အား တိုက်မိကာ တပ်မတော်တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့သည်။

ဖြစ်စဉ်မှာ မနက် ၇ နာရီ ၄၀ အချိန်က မင်းဘူးမြို့ ၊ အမှတ် ၁ ရပ်ကွက်နှင့် တပင်ကျေးရွာအကြား ဆားပွက်ချောင်းတံတား၏ အရှေ့မြောက်ဖက်၊ ကိုက် ၅၀၀ အကွာ တစ်ယောက်မောင်း တိုက်လေယာဉ်တစ်စင်း ပျက်ကျနေခြင်းဖြစ်ပြီး လေထီးနှင့်အတူ အမျိုးသားတစ်ဦး၏ အလောင်း တွေ့ရှိခဲ့သည်။

အခင်းဖြစ်ရပ်အား မကွေးတိုင်းဝန်ကြီးချုပ်နှင့် နယ်လုံဝန်ကြီးတို့ လာရောက်ကြည့်ရှုခဲ့ပြီး မကွေးမြို့ တပ်မတော်လေတပ်မှ ဒုဗိုလ်မှူးကြီးပြည့်ဖြိုးနှင့်အဖွဲ့မှ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဖြစ်ပွားစဉ် နေရာအနီးတွင် ရှိနေသူ မသွယ်ဇင်ငြိမ်း အသက် (၁၀)နှစ်မှာ လေယာဉ်အစိတ်အပိုင်းစထိမှန်သဖြင့် ခေါင်းနှင့်တင်ပါးတွင် ဒဏ်ရာရရှိသဖြင့် မင်းဘူးဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့မနက်ပိုင်းကလည်း စကုမြို့နယ်၊ သနပ်ပင်ကျေးရွာဘက်လည်း မကွေးတပ်မတော်လေယာဉ်တစ်စင်း ထပ်မံပျက်ကျခဲ့ပြီး အဆိုပါလေယာဉ် ၂ စင်းမှာ မကွေးလေတပ်မှ ဖြစ်သည်။

(မနက်၉ နာရီ သတင်းကနဦး ဖြစ်ပါသည်။)


Comments