မြောက်ကိုရီးယားခေါင်းဆောင်ကို လာရောက်လည်ပတ်ဖို့ မွန်ဂိုလီးယား ဖိတ်ကြား


အောက်တိုဘာ ၁၇ - တစ်ချိန်က မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အမေရိကန်သမ္မတတို့ရဲ့ သမိုင်းဝင် တွေ့ဆုံပွဲ လက်ခံကျင်းပမဲ့နေရာအဖြစ် နာမည်ထွက်ခဲ့ဖူးတဲ့ မွန်ဂိုလီးယား မြို့တော်ကို လာရောက်လည်ပတ်ဖို့ ကင်မ်ဂျုံအန်းကို ဖိတ်ကြားခဲ့ကြောင်း အရာရှိတစ်ယောက်က အင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။
ဒုတိယအကြိမ်မြောက် ကင်မ်-ထရမ့်တွေ့ဆုံပွဲ ပြုလုပ်မယ်လို့ နာမည်ထွက်နေတဲ့အချိန်မှာ အခုလို ဖိတ်ကြားလိုက် တာဖြစ်ပါတယ်။
ဖိတ်ကြားချက်ကို အောက်တိုဘာ ၁၀ရက်မှာ ပေးပို့ခဲ့တာဖြစ်ပြီး ရက်အတိအကျအဆိုမပြုရသေးဘူးလို့ မွန်ဂိုလီးယား သမ္မတ ခတ်တမာဘတ်တူဂါရဲ့ရုံးထံကနေ သိရပါတယ်။
‘မြောက်ကိုရီးယားခေါင်းဆောင်အနေနဲ့ ကြိုက်တဲ့အချိန်လာလည်လို့ရတယ်’ လို့ သမ္မတရုံးအရာရှိတစ်ယောက်က အေအက်ဖ်ပီကို ပြောကြားခဲ့ပြီး မြောက်ကိုရီးယား KCNA သတင်းတစ်ပုဒ်ကိုအတည်ပြုခဲ့ပါတယ်။
ဇွန်လမှာ ကျင်းပခဲ့တဲ့ ကင်မ်-ထရမ့် တွေ့ဆုံပွဲအတွက် ရွေးချယ်ခဲ့တဲ့ နိုင်ငံတွေထဲမှာ မွန်ဂိုလီးယားပါဝင်ပေမဲ့ နောက်ဆုံးမှာတော့ စင်ကာပူမှာကျင်းပခဲ့ပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးအတွက် သဘောတူညီချက် တစ်ခုရရှိခဲ့ပါတယ်။
နောက်ထပ်ကျင်းပမဲ့တွေ့ဆုံပွဲအတွက် ကျင်းပမဲ့နိုင်ငံစာရင်းကို နောက်သီတင်းပတ်မှာ ထုတ်ပြန်မယ်လို့ ထရမ့်က ပြောကြားခဲ့ပေမဲ့ ကျင်းပမဲ့ရက်ကိုတော့ ပြောကြားခြင်းမရှိသေးပါဘူး။
၂၀၁၁ အာဏာရပြီးနောက်ပိုင်းမှာ ကင်မ်ရဲ့ နိုင်ငံခြားခရီစဉ်အနေနဲ့ သည်နှစ်မှာ တရုတ်ကို သုံးကြိမ်သွားရောက် ခဲ့ပြီးဖြစ်ပါတယ်။
ဒါ့အပြင် တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်ကင်းမဲ့ဇုံမှာလည်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
တရုတ်နဲ့ ရုရှားနှစ်နိုင်ငံ ကြားမှာ တည်ရှိနေတဲ့ ဒီမိုကရေစီနိုင်ငံ မွန်ဂိုလီးယားဟာ မြောက်ကိုရီးယားနဲ့ ပုံမှန် ဆက်ဆံရေးရှိတဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံဖြစ်ပါတယ်။
သည်နှစ်မှာလည်း နှစ်နိုင်ငံသံတမန်ထူထောင်တဲ့ နှစ် ၇၀ပြည့်ကို ကျင်းပခဲ့ပါတယ်။
ကင်မ်ရဲ့ အဖိုးဖြစ်သူ မြောက်ကိုရီးယားကို စတင်တည်ထောင်သူ ကင်မ်အီဆွန်းက ၁၉၉၈၈ ခုနှစ်မှာ မွန်ဂိုလီးယားကို သွားရောက်လည်ပတ်ခဲ့ဖူးပါတယ်။
၂၀၁၃ အောက်တိုဘာလကလည်း ထိုစဉ်ကမွန်ဂိုလီးယားသမ္မတဖြစ်တဲ့ ဆက်ခီယာအယ်ဘက်ဒေါ့ဟာ ပြုံယမ်းကို သွားရောက်လည်ပတ်ခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်စာရင်းအရ မွန်ဂိုလီးယားမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ မြောက်ကိုရီးယားသားပေါင်း ၁၂၀၀ နီးပါးလောက် ရှိပါတယ်။
နှင်းသန့်
Ref: AFP. Oct 16, 2018


Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို