ရထားသံလမ်းဘေး ဘာသာရေး ပွဲတော် ကျင်းပနေတဲ့ လူအုပ်ကို ရထားတိုက်မိပြီး လူပေါင်း ၅၀ ကျော် သေဆုံး
နယူးဒေလီ၊ အောက်တိုဘာ ၂၀ ။ ။ အိန္ဒိယနိုင်ငံ အနောက်ပိုင်း တစ်နေရာမှာ ရထားလမ်းဆုံအနီး ဘာသာရေးပွဲတော် ကျင်းပနေတဲ့ ဟိန္ဒူလူအုပ်စုကို ရထားတိုက်မိပြီး လူပေါင်း ၅၈ ဦး သေဆုံးကာ ဒဏ်ရာရသူပေါင်း ၄၀ ကျော်ထက်မနည်း ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက်မှာ ဟိန္ဒူ ၀တ်ပြုဆုတောင်းသူတွေဟာ ဒက်ရှီရာ ဘာသာရေးပွဲတော်ကို သံလမ်းဘေး ကပ်လျက် ကျင်းပကြတာဖြစ်ကြောင်း၊ နတ်ဆိုး ရာဝန်ရဲ့ ရုပ်ပုံကို မီးရှိုခြင်းနဲ့ မီးရှုးမီးပန်းတွေ ပစ်ဖောက်ကြကြောင်း ပန်ဂျပ်ပြည်နယ် ရဲဌာနက ပြောပါတယ်။
ဒီလို ပွဲတော်ကျင်းပနေချိန် ဆူညံသံတွေကြောင်း ရထားလာတာကို မကြားဘဲ ခုလို လူအုပ်ကို ရထားက ပွတ်ဆွဲတိုက်မိလို့ သေဆုံးကြရတာဖြစ်ပါတယ်။
“ခုထိတော့ ကျွန်တော်တို့ ရုပ်အလောင်း ၅၈ လောင်း ရှာတွေ့ထားပါတယ်။ ဒဏ်ရာရသူက ၄၁ ဦးလောက် ရှိတယ်။”လို့ အမ်ရစ်စတာခရိုင်က အောက်ရုံးတရားသူကြီး ရာဂျက်စ်ရှာမာက အီးပီအေသတင်းကို ပြောပါတယ်။
“သေဆုံးတာ တော်တော်များတယ်ဗျာ။”လို့ ခရိုင်ဆေးရုံက ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ အမ်မီတာကလည်း ပြောပါတယ်။
ဒီရထားတိုက်မှုဟာ နေ၀င်ပြီးချိန် ကျင်းပရတဲ့ ရာဝန်ဒါဟန်ပွဲတော်ကျင်းပချိန် ည ခုနစ်နာရီ ၀န်းကျင်လောက်မှာ ဖြစ်ပွားခဲ့တာပါ။
သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ ကျန်ရစ်သူမိသားစုကို ရထားတိုက်မှုဖြစ်ရာဆီ မလာနိုင်အောင် ရဲက တားဆီးထားရပါတယ်။
သေဆုံးရုပ်အလောင်းတွေကို ကောက်စုနေတဲ့ အရေးပေါ် အဖွဲ့တွေက ဒီစိတ်မကောင်းဖွယ် ဖြစ်ရပ်အတွက် ဌာနေအာဏာပိုင်တွေကို အပြစ်ဆိုပါတယ်။
ရထားတိုက်မှုဖြစ်ပြီး နှစ်နာရီကြာတဲ့အထိ ရုပ်အလောင်းတွေ ကောက်ယူစုပုံတာတွေကို ဆက်လက်လုပ်ဆောင်နေပေမယ့် ခေါင်းပြတ်တွေ၊ ကိုယ်အင်္ဂါအပိုင်းပိုင်းတွေကို ဟိုတစ်စ ဒီတစ်စ မြင်တွေ့နေရဆဲဖြစ်တဲ့ စိတ်မကောင်းဖွယ်အတိပြီးတဲ့ မြင်ကွင်းကို တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။
Comments
Post a Comment