လက်စတာစီးတီးအသင်းပိုင်ရှင်ရဲ့ ရဟတ်ယာဉ် ပျက်ကျ
အောက်တိုဘာ ၂၈ - စနေနေ့ညက လက်စတာစီးတီးအသင်းရဲ့ ဘောလုံးကွင်းကားရပ်ရာနေရာမှာ လက်စတာစီးတီးပိုင်ရှင် ဗီချိုင်းဆီရိဗက်ဟန်နာပရာဘာ ပိုင်တဲ့ ရဟတ်ယာဉ်တစ်စင်း ပျက်ကျသွားခဲ့တယ်လို့ သိရပါတယ်။
အခုထိတော့ ကင်းပါဝါကုမ္ပဏီဘက်က တစ်စုံတရာထုတ်ပြန်ခြင်းမရှိသေးသလို အဆိုပါယာဉ်ပေါ်မှာ ဘယ်သူတွေ လိုက်ပါ ခဲ့တယ်ဆိုတာလည်း သီးခြားအတည်ပြုလို့မရနိုင်သေးပါဘူး။
လက်စတာစီးတီးအသင်းဟာ အစောပိုင်းမှာ ပရီးမီးယားလိဂ်ပွဲအဖြစ် ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာဧည့်ခံကစားခဲ့ပြီး ၁-၁ သရေကျခဲ့ပါတယ်။
ကင်းပါဝါကုမ္ပဏီပိုင်ရှင် ဘီလျံနာသူဌေးကြီး ဗီချိုင်းဟာ ၂၀၁၀ မှာ လက်စတာအသင်းကိုဝယ်ယူခဲ့ပြီး ငွေကြေးရင်းနှီးမြှုပ်နှံမှု တွေလုပ်ခဲ့တဲ့ အကျိုးကြောင့် ၂၀၁၆ ခုနှစ်မှာ ၅၀၀၀ လေး ၁ လေး အခြေအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။
သည်ရဟတ်ယာဉ်ပေါ်မှာ အသင်းပိုင်ရှင်ပါခဲ့သလား မပါခဲ့ဘူးလားဆိုတာ လက်စတာအသင်းကလည်း ပြောဆိုခြင်း မရှိသေးပါဘူး။ သူ့မိသားစုနဲ့နီးစပ်သူတစ်ယောက်ကတော့ အဆိုပါလေယာဉ်ပေါ် အသင်းပိုင်ရှင်ပါသွားခဲ့တယ်လို့ ပြောကြောင်း သိရပါတယ်။ တချို့သတင်းတွေမှာတော့ သေဆုံးသူ များနိုင်ဖွယ်ရှိကြောင်း ဖော်ပြကြပါတယ်။
လက်စတာစီးတီးပွဲတွေအပြီးမှာ ပုံမှန်မြင်တွေ့နေကြမြင်ကွင်းအတိုင်းပဲ ဗီချိုင်းရဲ့ရဟတ်ယာဉ်ဟာ ဝက်စ်ဟမ်းနဲ့ပွဲအပြီးမှာ ကင်းပါဝါစတေဒီယံကွင်းထဲ ရောက်လာခဲ့ပြီး ပွဲအပြီး တစ်နာရီကျော်ကြာတဲ့အထိ ဘောလုံးကွင်းအလယ်စည်းမှာ ရပ်နေခဲ့ တယ်လို့ သိရပါတယ်။
မျက်မြင်တွေ့သူတွေအဆိုအရ ရဟတ်ယာဉ်ဟာ ကွင်းထိပ်ဆုံးအထိ တက်ခဲ့ပြီးတဲ့နောက် စတင်လည်နေခဲ့ကြောင်း၊ နောက်မှ မြေပြင်ကိုထိုးဆင်းပြီး မီးလုံးကြီးတွေတက်လာခဲ့ကြောင်း သိရပါတယ်။
သည်မတော်တဆဖြစ်ရပ်ဆိုးအပြီးမှာ လက်စတာစီးတီးအသင်းသားတွေ လူမှုမီဒီယာတွေပေါ်မှာ ပို့စ်တွေတင်ခဲ့ကြပါတယ်။
ကစားသမားတော်တော်များများက ဘုရားဆုတောင်းနေတဲ့ အီမိုဂျိပုံတွေကို တွစ်တာမှာတင်ခဲ့ကြပါတယ်။
KMH
Ref: BBC. Oct 28, 2018
Comments
Post a Comment