"ရေအောက်ထဲတွင် အပြင်းအထန် လေ့ကျင့်နေပုံများ အောင်လအန်ဆန် ဖော်ပြ "
MMA ၀ိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအတွက် ရေအောက်ထဲတွင် အပြင်းအထန် လေ့ကျင့်နေပုံများ ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။
ထို့အပြင် အောင်လအန်ဆန်သည် မြန်မာနိုင်ငံ ကိုယ်စားပြု MMA Fighter အဖြစ် ယှဉ်ပြိုင်ရသည်ကို ဂုဏ်ယူကြောင်းနှင့် ပရိသတ်တွေအတွက် ပျော်ရွှင်မှုတွေ ယူဆောင်ပေးမည် ဖြစ်ကြောင်း ၎င်းက ရေးသားဖော်ပြခဲ့သည်။
မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန်နှင့် လက်ဘနွန်နိုင်ငံသား မိုဟာမက်ကရာကီတို့ ထိုးသတ်မည့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲကို အောက်တိုဘာ ၂၆ ရက်၌ ရန်ကုန်မြို့ အမျိုးသား အားကစားရုံ (၁) သုဝဏ္ဏတွင် ကျင်းပမည် ဖြစ်သည်။
အသက် (၃၃) နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲ ၃၃ ပွဲ တွင် ၂၃ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားပြီး ဇွန်လ ၂၉ ရက်က နောက်ဆုံးယှဉ်ပြိုင်သည့် MMA ပြိုင်ပွဲတွင် ဂျပန်နိုင်ငံသား ကန်ဟန်ဆက် ဂါဝါကို အနိုင်ရရှိကာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။
အောင်လနှင့်ယှဉ်ပြိုင်ထိုးသတ်မည့် ပြိုင်ဘက် အသက် (၂၇) နှစ်အရွယ် မိုဟာမက်ကရာကီသည် MMA သက်တမ်း တစ်လျှောက် ကိုးပွဲ ထိုးသတ်ကာ ကိုးပွဲစလုံး အနိုင်ရရှိထားသူ ဖြစ်ပြီး ဧပြီ ၅ ရက်က နောက်ဆုံးယှဉ်ပြိုင်သည့် MMA ပြိုင်ပွဲတွင် ပြင်သစ်နိုင်ငံသား ဒက်ဟက်ဆီကို ပထမအချီအတွင်း အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။
သတင်း - ရွှေဘုတ်
ဓာတ်ပုံ - အောင်လအန်ဆန် facebook
Comments
Post a Comment