အရပ်သားကိုလက်ထပ်တဲ့ ဂျပန်မင်းသမီး အာယာကို တော်ဝင်အရိုက်အရာကို စွန့်လွှတ်
- ဂျပန်တော်ဝင်မင်းသမီး အာယာကိုနဲ့ အရပ်သား ကီမော်ရီယာတို့ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့တော် မီဂျိဗိမာန်မှာ တနလာင်္နေ့က ရိုးရာအခမ်းအနားနဲ့ ထိမ်းမြားလက်ထပ်ခဲ့ကြပြီး မင်းသမီး အာယာကိုဟာ ဂျပန်တော်ဝင်မိသားစု ကို စွန့်ခွာခဲ့တဲ့ နောက်ဆုံးမင်းသမီးတစ်ပါး ဖြစ်လာပါတယ်။
အာခီဟီတိုဘုရင်ကြီးရဲ့ကွယ်လွန်သူညီအစ်ကိုဝမ်းကွဲမင်းသား တာကာမာဒိုရဲ့ တတိယမြောက်သမီးတော်ဖြစ်တဲ့ ၂၈နှစ်အရွယ် မင်းသမီးဟာ နစ်ပွန်ယူဆန် ရေကြောင်းကုန်သွယ်ရေးကုမ္ပဏီဝန်ထမ်းဖြစ်တဲ့ အသက် ၃၂နှစ်ရှိ ကီမော်ရီယာနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။
အဘိုးတော်သူဖြစ်တဲ့ မီဂျိ ဧကရာဇ်ဘုရင်ကြီးရဲ့ ဝိညာဉ်ကိုရည်စူးတည်ဆောက်ထားတဲ့ဗိမာန်တော်မှာကျင်းပတဲ့ သည်အခမ်းအနားဟာ ဝင့်ကြွားတောက်ပခဲ့သလို မင်းသမီးဟာ တော်ဝင်ရိုးရာအတိုင်း အထပ်များစွာရှိတဲ့ ကီမိုနိုနဲ့ ဆံထုံးတို့ ကို ထုံးဖွဲ့ထားပါတယ်။ သတို့သားကတော့ အနက်ရောင်ကုတ်နဲ့ မီးခိုးရောင် ဘောင်းဘီကိုဝတ်ဆင်ထားပါတယ်။
‘ ကျွန်မတို့ရဲ့လက်ထပ်ပွဲကို အခုလို လူအများကြီးကြွရောက်ချီးမြှင့်ပေးကြတဲ့အတွက် အရမ်းကိုပျော်ရွှင် ရပါတယ်’လို့ မင်းသမီး အာယာကိုက သီးသန့်ပြုလုပ်တဲ့ ရှင်တို မင်္ဂလာပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဂျပန်တော်ဝင်မိသားစုတွေဟာ ကြင်ယာစုံဖက်ကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးထားတာ မျိုးဆက် သုံးဆက်ထက် မနည်းရှိပြီဖြစ်ပါတယ်။ အာခီဟီတိုဘုရင်ကြီးဟာ အရပ်သူကို ပထမဆုံးလက်ထပ်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့တော်ဝင်ဆက်ခံခွင့်ဥပဒေအရ မင်းသမီး အာယာကိုဟာ တနလာင်္နေ့နှောင်းပိုင်းကစပြီး အာယာကို မော်ရီယာအဖြစ်သာ နေထိုင်သွားရတော့မှာ ဖြစ်ပါတယ်။
နောက်နှစ်မှာ အာခီဟီတို ဘုရင်ကြီးက ထီးနန်းစွန့်လွှတ်မှာ ဖြစ်တဲ့အတွက် အိမ်ရှေ့စံ နာရူဟီတိုမင်းသားက ထီးနန်း အရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။ ထီးနန်းကို ညီတော် ဖူမီဟီတို၊ တူတော် ဟီဆာဟီတိုနဲ့ လက်ရှိဘုရင်ကြီးရဲ့ နောင်တော် မာဆာဟီတို တို့သာ ဆက်ခံဖို့ ကျန်တော့တဲ့အတွက် တော်ဝင်မိသားစု ပျက်သုန်းမှာကို စိုးရိမ်နေကြပါတယ်။ အမျိုးသမီးတွေကိုပါ ထီးနန်းဆက်ခံစေဖို့ အပြင်းအထန်တောင်းဆိုနေကြကာ တော်ဝင်ဆက်ခံခွင့် ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေပေမဲ့ ရှေးရိုးစွဲတွေက ပြင်းပြင်းထန်ထန်ကန့်ကွက်လျက်ရှိပါတယ်။
နှင်းသန့်
Ref: Reuters. Oct 29, 2018

Comments
Post a Comment