သမ္မတ ဦးဝင်းမြင့်ဟာ ဒီကနေ့ နေလယ်ပိုင်းမှာ တာမွေမြို့နယ် မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲလာပေးခဲ့ပါတယ်
တာမွေ မဲဆန္ဒနယ်ဟာ သမ္မတ ဦးဝင်းမြင့်ရဲ့ မဲဆန္ဒနယ်ဟောင်းဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်လည်းဖြစ်ပါတယ်။
ဒီလိုအနိုင်ရပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်ကာ လွှတ်တော်ဥက္ကဌ တာဝန်ကိုထမ်းဆောင်ပြီးတဲ့နောက် သမ္မတ တာဝန်ကို ထမ်းဆောင်ချိန်မှာတော့ တာမွေမဲဆန္ဒနယ်ဟာ လစ်လပ်သွားတာပါ။
ဒါကြောင့် ဒီကနေ့ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရဲ့ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ တာမွေ မဲဆန္ဒနယ် ဟာ ပါဝင်ခဲ့ပြီး ကိုယ်စားလှယ်လောင်း ကိုးဦး ထိဝင်ရောက်ယှဉ်ပြိုင်ထားကြပါတယ်။
သမ္မတ ဟာ သူရဲ့မဲဆန္ဒနယ်ဟောင်းမှာ မဲပေးဖို့အတွက် မနေ့က ညပိုင်းက နေပြည်တော်ကနေ ရန်ကုန်ကို လေကြောင်း ခရီးနဲ့လာရောက်ခဲ့တာပါ။
ဒီလို သမ္မတ မဲလာပေးမယ်ဆိုတဲ့သတင်းတွေအရ သမ္မတမဲပေးမယ့် မဲရုံအပြင်ဘက်မှာ တိုင်ကြားစာ ပေး မယ့် ပြည်သူတွေကလည်း လာရောက်စောင့်ဆိုင်းခဲ့တာကိုတွေ့ခဲ့ရပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်မှာ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲဖြစ်ပြီး မဲပေးနိုင်သူ ၉ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကိုတော့ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရှိတဲ့ ကချင်ပြည်နယ် ၊ရှမ်းပြည်နယ် ၊စစ်ကိုင်းတိုင်း ၊ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ မန္တလေးတိုင်း ၊ ရခိုင်ပြည်နယ် ၊ ရန်ကုန်တိုင်း ၊ချင်းပြည်နယ်တို့မှာ ကျင်းပနေတာပါ။
လစ်လပ်မဲဆန္ဒနယ်တွေကတော့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ဖြစ်တဲ့ ကန်ပက်လက် ၊ လဲချား ၊ တာမွေ ၊ တိုင်းနဲ့ပြည်နယ် မဲဆန္ဒနယ် တွေဖြစ်တဲ့ မြင်းခြံ ၊မတူပီ ၊ တမူး၊ အုတ်တွင်း ၊သပိတ်ကျင်း ၊ရသေ့တောင် ၊မင်းဘူး ၊ဆိပ်ကမ်း နဲ့ မန္တလေးတိုင်းက ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာ တို့ပဲဖြစ်ပါတယ်။
ဓာတ်ပုံ - ကျော်ဇင်သန်း
Comments
Post a Comment